ပဋိပက္ခတွေကြောင့် နေရပ်စွန်ခွာခဲ့ရတဲ့ ရခိုင်က ဒေသခံ လေးထောင်ကျော် နေရပ်ပြန်

  • 7 years ago
ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ ထိတွေ့မှုဖြစ်စဉ် လျော့နည်းလာတာကြောင့် ဒေသခံတိုင်းရင်းသား လေးထောင်ဟာ မူလနေရပ်တွေမှာ ပြန်လည်နေထိုင်ခဲ့ကြတယ်လို့ နိုင်ငံတော်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ် အတွင်းက ရပ်ကွက်/ကျေးရွာ ၁၅ ရွာ၊ ရသေ့တောင်မြို့နယ် အတွင်းက ကျေးရွာ ၄ ရွာနဲ့ ဘူးသီးတောင်မြို့နယ် အတွင်းက ကျေးရွာ ၆ ရွာတို့က ဒေသခံ တိုင်းရင်းသား ပြည်သူ ၄၂၂၈ ဦးတို့ကို့  မူလနေရပ်များသို့ ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ၁၃ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာပါ။

နေရပ်ပြန်ဒေသခံတွေကို တပ်မတော်က လုံခြုံရေးနဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ရဟတ်ယာဉ်၊ မော်တော်ယာဉ်တွေနဲ့ ထောက်ပံ့ ပစ္စည်းတွေ ပို့ဆောင်ပေးနေသလို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ အစိုးရ နဲ့ တပ်မတော်တို့က ဆိုပါတယ်။

မောင်တောဒေသမှာ အကြမ်းဖက်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေဟာ နှစ်သောင်းကျော်ရှိခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာ၁၁ရက်နေ့မှာ ပြောဆိုထားခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့မှ စက်တင်ဘာ ၁၂ ရက်နေ့အထိ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နဲ့ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ ထိတွေ့မှု ၉၃ ကြိမ် ရှိခဲ့ပြီး မောင်တောဒေသအတွင်းက နေရာ ၄၅ နေရာ မီးရှို့ ဖျက်ဆီးမှုခံခဲ့ရတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Recommended