ဘူသီးတောင်မြို့နယ်က ဒေသခံ တိုင်းရင်းသားသုံးရာနီးပါး နေရပ်ကို ပြန်ပြောင်းရွှေ့

  • 7 years ago
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ဒေသခံတိုင်းရင်းသား သုံးရာ နီးပါး ဟာ နေရပ်ကိုပြန်လည် ပြောင်းရွှေ့ခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ ဘူးသီးတောင်မြို့က နယ်မြေခံတပ်မှာ သွားရောက်နေ ထိုင်ခဲ့ရပြီး လက်ရှိမှာတော့ နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာပြီဖြစ်တဲ့အတွက် စက်တင်ဘာ၈ရက်နေ့မှာ ပြန်လည်ပြောင်းရွှေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။

တောင်ဘဇာကျေးရွာက ဒေသခံတိုင်းရင်းသား သုံးရာနီးပါးကို တပ်မတော်က လမ်းကြောင်း လုံခြုံရေးယူကာ ကူညီပြောင်းရွှေ့ပေးခဲ့ပြီး ထပ်မံပြီး နေရပ်ကိုပြန်လည် ပြောင်းရွှေ့မယ့် သူတွေကိုလဲ ဆက်ပြီး ကူညီသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းက တပ်ဌာနချုပ် တစ်ခုအပါအဝင် ရဲကင်းစခန်း ၃၀ ကို အကြမ်းဖက်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်သား နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး နဲ့ နိုင်ငံဝန်ထမ်းနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Recommended