မသန်စွမ်းပေမယ့် ကြိုးဝိုင်းထဲက သန်စွမ်းတဲ့လက်တွေနဲ့
ဇူလိုင် -၁၉ ၊၂၀၁၈
ကြိုးဝိုင်းပေါ်က မြန်မာ့လက်ဝှေ့ လောကထဲ ထူးခြားတဲ့ လူငယ် တစ်ယောက်ရှိပါတယ်။
သူကတော့ ပျဉ်းမနားသားလေး ရွှေဝင်းပါ။ အသက် ၂၁ နှစ်သာရှိပါသေးတယ်။
အခြားလက်ဝှေ့သမားတွေလို ကြိုးဝိုင်းထဲမှာ ထိုးသတ်နိုင်တဲ့ ရွှေဝင်းဟာ မွေးရာပါ စကားမပြောနိုင်သလို အကြားအာရုံချို့ တဲ့နေသူလည်းဖြစ်ပါတယ်။
မသန်စွမ်းဘဝနဲ့  ကိုယ်ဝါသနာပါရာ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ရွှေဝင်းဟာ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်လာနိုင်လို့ သူ့ရဲ့လက်ဦးဆရာကဆိုပါတယ်။ လက်ဝှေ့ ကစားသမားဟောင်း လည်းဖြစ် သူ့ ရဲ့လက်ဦးလည်းဖြစ်တဲ့ ဆရာ ဦးဇမ္ဗူကျော်က ရွှေဝင်းကို လက်ဝှေ့ လောကထဲကို စတင်ခေါ်ဆောင်လာသူလည်းဖြစ်ပါတယ်။
ရိုးရာလက်ဝှေ့ လောကထဲရောက်လို့ တစ်နှစ်နီးပါးရှိလာချိန်မှာတော့ ရွှေဝင်းတစ်ယောက် AMT ကလပ်မှာ ဝင်ရောက်ပြီး ပြိုင်ပွဲတွေ ထိုးသတ်နေပါပြီ။
အရင်က နေပြည်တော်မြို့ မဈေးမှာ ရေခဲပို့ တဲ့ အလုပ်သမားလေးရွှေဝင်းက အခုတော့ ကြိုးဝိုင်းပေါ်ကိုကစားသမားတစ်ယောက်ဖြစ်နေတာပါ။
ရွှေဝင်းဟာ စုစုပေါင်း ၉ ပွဲထိုးသတ်ထားပြီဖြစ်ပြီး တစ်ပွဲသာရှုံးနိမ့်ထားတာပါ။
နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ရတာကလည်း သူရဲ့ဒဏ်ရာဟောင်းရှိတဲ့ ခြေကျင်းဝတ်နဲ့ ပြိုင်ဘက်ကိုကန်မိရာမှာမှာ ဒဏ်ကြောင့် မထိုးနိုင်တော့တာဖြစ်တယ် လို့ နည်းပြဆရာ ကိုဇာထက်က ဆိုပါတယ်။
အရပ် ၅ ပေ ၁၁ လက်မရှိပြီး ၆၇ ကီလိုတန်းမှာ ထိုးသတ်နေတဲ့ ရွှေဝင်းရဲ့ လက်ဝှေ့ထိုးပုံ၊ ထိုးပေါက်တွေဟာ အရင်က ပဲခူးတိုင်းရဲ့ နာမည်ကျော်လက်ဝှေ့သမား ညောင်ခါးရှည်နှင့်တူတယ်လို့  လက်ဝှေ့ လောက ကကျွမ်းကျင်သူတွေက မှတ် ချက်ပြုလေ့ရှိပါတယ်။
သူ့အိမ်မက်ကို ရွှေဝင်းက အမူအရာနဲ့ အသိအမှတ်ပြု ခါးပတ်တစ်ခု လိုချင်တာဖြစ်ပြီး ပိုက်ဆံအဓိကမဟုတ်ဘူးဆို့ ပြပါတယ်။
အကြားအာရုံချို့ တဲ့နေလို့ပြိုင်ပွဲတွေမှာ နည်းပြက ညွှန်ကြားရတဲ့ အခါ အခက်အခဲတွေရှိပေမဲ့ ရွှေဝင်းက အခြား လက်ဝှေ့ သမားတွေထက် ပွဲစဉ်တိုင်းကို အာရုံစူးစိုက်မှုအပြည့်နဲ့ ထိုးသတ်တယ်လို့ သူ့ ရဲ့နည်းပြဆရာကို ဇာထက်က ပြောပါတယ်။
ရွှေဝင်းဒီအခြေအနေရောက်ဖို့ အခက်အခဲစိန်ခေါ်မှုတွေက များပါတယ်။ မသန်စွမ်းဖြစ်နေတာကြောင့် သူ့အိပ်မက်ပျက် ပျယ်ရမယ့်အခြေအနေနဲ့ကြုံခဲ့ရဖူးပါတယ်။ ဒီ ၂၀၁၈ အစပိုင်းမှာပါ။
ဆွံ့အနားမကြားကစားသမားဖြစ်နေလို့  သာမန်လက် ဝှေ့သမားတွေနဲ့  ထိုးသတ်ရာမှာအန္တရာယ်ဖြစ်ပေါ်နိုင်လို့  ပွဲ စဉ်အချို့တားမြစ်ခံရတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ၂၀၁၈-၂၀၁၉ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာ လက်ဝှေ့ပြိုင်ပွဲမှာပြန်လည်ထိုး သတ်ခွင့်ရခဲ့ပါတယ်။
သာမန်သူတွေထက် အားနည်းချက်တွေရှိနေပေမဲ့ ရွှေဝင်းကတော့ ရိုးရာလက်ဝှေ့ မှာသူ့ ရဲ့အိမ်မက်ဖြစ်တဲ့ ရွှေခါးပတ်ကို အမြန်ဆုံးရဖို့  အားသွန်ခွန်စိုက် မလျော့တဲ့ဇွဲတွေနဲ့ ကြိုးစားနေဦးမှာလည်းဖြစ်ပါတယ်။
သတင်း-မိုးညို
ကင်မရာ- အောင်မျိုးထွန်း
Comments