Skip to playerSkip to main content
  • 9 years ago
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် နိုင်ငံခြားမှအနုပညာရှင်၊ အတတ်ပညာရှင်များဖြင့် ပါဝင်ရိုက်ကူးထားသော ဇာတ်ကားများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်တွင် အကဲဖြတ်ဒိုင်တစ်ဦးဖြစ်သည့် ဦးဝင်းငြိမ်းက ပြောသည်။

အဆိုပါရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို အကဲဖြတ်ဒိုင်တစ်ဦးဖြစ်သည့် ဦးဝင်းငြိမ်းက ရုပ်ရှင်အစည်းအရုံးတွင် ပြောခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ် ၃၃ ကားဆိုတော့ ကားအရေအတွက်များတယ်။ များလာတဲ့အထဲမှာ ဘာတွေပါလာလဲဆိုတော့ နိုင်ငံခြားဒါရိုက်တာတွေနဲ့ ရိုက်တဲ့ကား၊ နိုင်ငံခြားကင်မရာမန်းနဲ့ ရိုက်တဲ့ကားတွေ ပါတယ်။ ပါလာတဲ့အခါ ကြတော့ အစကတည်းက ဆုံးဖြတ်ချက်ချထားတာက ဒါ ရုပ်ရှင်အစည်းအရုံးက ဆုံးဖြတ်ချက်ပါ” ဟု ဦးဝင်းငြိမ်းက ပြောသည်။

နိုင်ငံရပ်ခြားတွင်လည်း နိုင်ငံခြား ဒါရိုက်တာ၊ ကင်မရာသမား၊ ဇာတ်ညွှန်းနှင့်ရိုက်ကူးပါက ထည့်သွင်းမစဉ်းစားရန်ဆုံးဖြတ်ကြကြောင်း၊ ထို့ကြောင့် အဆိုပါမူနှင့်ဆုံးဖြတ်ကြောင်း ၎င်းက ပြောခဲ့သည်။

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို မတ်လ ၁၈ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး ပေးအပ်မည့်ဆုများကို ယခုချိန်တွင် အကဲဖြတ်အဖွဲ့ဝင်များ အသီးသီး၏ မဲအရေအတွက်နှင့် ပြန်လည်စိစစ်တော့မည် ဖြစ်သည်။

ယခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို ယခင်နှစ်များနှင့်မတူ ကျင်းပသွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် တစ်နှစ်တာအတွင်း ရုံတင်ဇာတ်ကား ၃၃ ကားအနက်မှ ဆန်ခါတင် ၁၀ ကားကို ရွေးချယ်ကာ အဆိုပါ ဆန်ခါတင်ဇာတ်ကားများထဲမှ ရုပ်ရှင်ထူးချွန်ဆု ၁၂ ဆုကို ရွေးချယ်သွားမည်ဖြစ်သည်။

Category

🗞
News
Comments

Recommended