7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

  • 7 years ago
၁။ ဒေါ်အောင်ဆန်းစုကြည် ဘရုနိုင်းသို့ သွားမည်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ကို မကြာခင်ရက်ပိုင်းအတွင်း သွားရောက်မယ်လို့ သိရပါတယ် ။

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာ ဖြစ်ပါတယ် ။
ဘရူနိုင်းဘုရင်ရဲ့ နန်းမွေဆက်ခံတဲ့ နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖို့ ဘန်ဒါဆာရီဘီဂါဝန်မြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။
သြဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်ပွားချိန်က စပြီး အခုဘရုနိုင်းခရီးစဉ်ဟာ နိုင်ငံတော်အတိုင်ပင်ခံအတွက် ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မယ့် ခရီးစဉ်ကို ပါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

၂။ ARSA ကို နှစ်နိုင်ငံလုံးရဲ့ ဘုံရန်သူလို့ ခံယူကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြော

အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ARSAကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံး ရဲ့ ဘုံရန်သူအဖြစ် ခံယူတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် အနေနဲ့ အကြမ်းဖက်မှုတွေ အပေါ် လုံးဝလက်မခံတဲ့ မူဝါဒ ကျင့်သုံးနေကြောင်း ပြောကြားခဲ့တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေရဲ့ ၃ ရက်ကြာ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွက် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒုက္ခသည်တွေကို စိစစ်လက်ခံဖို့နဲ့ ပြန်လည်ပို့ဆောင်ဖို့ ကိစ္စတွေ ဆောင်ရွက်ဖို့ မြန်မာအနေနဲ့ အသင့်ရှိနေပြီး နှစ်နိုင်ငံကြား ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။

၁၉၉၂ ပူးတွဲကြေညာချက်ပါ သတ်မှတ်ချက်များအတိုင်း ၁၉၉၂ကနေ ၂၀၀၅ ခုနှစ်အထိ လူဦးရေ ၂သိန်း၃သောင်းကျော်ကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာဘက်ကို ပြန်ပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၀၀ ခုနှစ်က သဘောတူညီချက်တွေအတိုင်း ကွဲကွာနေတဲ့ မိသားစု တွေနဲ့ ကျန်နေတဲ့ မိသားစုဝင်တွေကို ပြန်ပို့ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက အသိအမှတ်ပြုတဲ့ တရားဝင်စာရွက်စာတမ်းများ တင်ပြဖို့ လိုကြောင်း ပြောခဲ့ပါတယ်။

ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံပြည်ထဲရေးဝန်ကြီးကို မြန်မာကိုလာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး လက်ခံခဲ့တယ်လို့လည်း သိရပါတယ်။

၃။ ဂျပန်ဦးနှောက်ရောင်ရောဂါအတွက် ကာကွယ်ဆေးထိုးမယ်

ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားတဲ့ ကလေးတွေရဲ့ သုံးပုံတစ်ပုံဟာ သေဆုံးတာကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကာကွယ်ဆေးထိုးသွားမယ်လို့ သိရပါတယ်။

ဒီကနေ့ နေပြည်တော်ရှိကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနိုင်ရေးအစည်းအဝေးအပြီးမှာ စီမံချက်မန်နေဂျာ ဒုတိယညွှန်ကြားရေးမှုး ဒေါက်တာ ထားထားလင်းက ပြောဆိုလိုက်တာပါ။

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အသက် ကိုးလကနေ ၁၅ နှစ်အောက်ရှိ ကလေးငယ် ၁၄ သန်းအတွက် ကာကွယ်ဆေးထိုးပေးမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉.၁ သန်း အကုန်ကျခံသုံးစွဲသွားမယ်လို့ သိရပါတယ်။

ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ရောဂါတွေကဆေးမရှိတဲ့အတွက် ခုနှစ်ရက်တစ်ပတ်အတွင်းမှာ သေဆုံးနိုင်သလို မသေရင်လည်း ရောဂါနောက်ဆက်တွဲဝေဒနာတွေ ခံစားရနိုင်တယ်လို့ ဒေါက်တာထားထားလင်းက ပြောကြားခဲ့တာပါ။

ဂျပန်ဦးနှောက်ရောင် ရောဂါကြောင့် အသက်ရှင်ကျန်ရစ်သူတွေအနေနဲ့လည်း ထိခိုက်တဲ့နေရာပေါ်မှုတည်ပြီး ခြေလက်မသန်စွမ်းဖြစ်တာ၊ ဦးနှောက်သေးသွားတာ ညဏ်မမှီတော့တွေနဲ့ စိတ်လွတ်တဲ့ရောဂါတွေ ဆက်လက်ခံစားနေရတယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်ပထမခြောက်လအတွင်း တစ်နိုင်ငံလုံးမှာ့  ဂျပန်ဦးနှောက်ရောင်လက္ခဏာစုရှိတဲ့ လူနာ ၈၃၀ ဦးရှိပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါ ဓာတ်ခွဲအတည်ပြုထားတဲ့ လူနာ ၁၄၆ ဦးရှိတယ်လို့ သိရပါတယ်။

၎။ အိန္ဒိယ နယ်ခြားစောင့် စစ်စခန်း တစ်ခုကို စစ်သွေးကြွတွေ စီးနင်းတိုက်ခိုက်

အိန္ဒိယနိုင်ငံ၊ ကက်ရှ်မားဒေသက စစ်စခန်း တစ်ခုကို စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက်မှာ ဟွမ်ဟာမာ လေဆိပ်နားက လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတဲ့ နယ်ခြားစောင့် စစ်စခန်းကို စစ်သွေးကြွတွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အိန္ဒိယ စစ်တပ်က စစ်သွေးကြွ နှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ပြီး နောက်တစ်ဦးကို ရှာဖွေနေကြောင်း ပြောကြားခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် နယ်ခြားစောင့်တပ်က စစ်သည်တစ်ဦး ကျဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

မျက်မြင်တွေကတော့ စစ်စခန်းထဲမှာ သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ပြောပါတယ်။ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ပတ်ဝန်းကျင် ဧရိယာက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း အဲဒီနေရာကို ပိတ်ဆို့ထားလိုက်ပါတယ်။

ကက်ရှ်မားဟာ ပါကစ္စတန်နဲ့ အိန္ဒိယတို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နယ်မြေတစ်ခုဖြစ်ပြီး အိန္ဒိယ အစိုးရကို ဆန့်ကျင်တဲ့ စစ်သွေးကြွ အုပ်စု တော်တော်များများလည်း အခြေစိုက် လှုပ်ရှားနေကြပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ရာမှာ နှစ်ကြိမ်က ကက်ရှ်မားဒေသကို ပိုင်ဆိုင်ခွင့် အငြင်းပွားရာက စတင်ခဲ့တာပါ။

အိန္ဒိယ အစိုးရက ပါကစ္စတန်ဟာ နယ်စပ်မှာရှိတဲ့ စစ်သွေးကြွ အုပ်စုတွေကို ထောက်ပံ့ကူညီနေကြောင်း စွပ်စွဲထားပြီး ပါကစ္စတန် အစိုးရကတော့ အဲဒီစွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

Category

🗞
News

Recommended