Skip to playerSkip to main content
  • 9 years ago
တိုင်းနဲ့ပြည်နယ် အချို့မှာ လယ်ယာမြေတွေကိုဖော်ထုတ်ပေးပြီး လယ်မဲ့ယာမဲ့နဲ့ကျူးကျော်တွေကို အခမဲ့ပေးဖို့အတွက် စိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂၅ ရက် နေပြည်တော်ရှိ ဇဗ္မူသိရိမြို့နယ် အထက်တန်းကျောင်း အမှတ် ၁၀ မှာ ပြုလုပ်တဲ့ ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးရေးနေ့ အခမ်းအနားအပြီးမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူက ပြောဆိုလိုက်တာဖြစ်ပါတယ်။

လတ်တလောမှာတော့ ဖော်ထုတ်နိုင်တဲ့ လယ်ယာမြေတွေဟာ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တွေမှာ အများဆုံးရှိနေတဲ့ အတွက် အဲဒီဒေသက လယ်မဲ့၊ယာမဲ့တွေကို နေရာချထားပေးနိုင်မယ်လို့ သိရပါတယ်။ သင့်တော်တဲ့နေရာနဲ့ အဖြစ်နိုင်ဆုံးနေရာတွေကို လေ့လာဖော်ထုတ်ပြီးရင် လယ်မဲ့ယာမဲ့တွေကို နေရာချထားရေးကို လစ်ဖန်းရဲ့ အကူအညီငွေနဲ့ ပထမဆုံး စမ်းသပ် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အခုလို စမ်းသပ်လုပ်ဆောင်မှု အောင်မြင်ပါက နိုင်ငံတော်အစိုးရအဖွဲ့ အနေနဲ့ ဘတ်ဂျက်တင်ပြပြီး တစ်နိုင်ငံလုံးက မြေယာကျူးကျော်ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူက ပြောကြားခဲ့တာပါ။

ရုပ်သံသတင်းထောက်-မောင်သင်တုန်း

Category

🗞
News
Comments

Recommended