Skip to playerSkip to main content
  • 8 years ago
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ နှစ်နိုင်ငံနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုံ တည်ဆောက်သွားဖို့ အစိုးရနှစ်ရပ်စီစဉ်နေ တယ်လို့ သိရပါတယ်။

လက်ရှိမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုံ တည်ဆောက်ဖို့ နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဖြစ်ကာ နှစ်ဘက် စလုံးက ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရ ပါတယ်။

ဒီကနေ့မှာ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သည်များအသင်းတို့ဟာ ခြောက်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို UMFCCI အသင်းချုပ်မှာ ကျင်းပခဲ့ပါတယ်။

နှစ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်မှု ပမာဏဟာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၀၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၀၄၄ ဘီလီယံအထိ တိုးမြှင့်လာတယ်လို့ အမြဲတန်း အတွင်းဝန် ဦးတိုးအောင်မြင့်က ဆိုပါတယ်။

ကုန်သွယ်မှု ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းဟာ နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုက ဖြစ်ပြီး အဓိက နယ်စပ်ကုန်သွယ်ရေး စခန်းတခုက မူဆယ် ၁၀၅ မိုင်ဂိတ် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာ- တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှု ပမာဏရဲ့ ၆၀ ရာခိုင်နှုန်းဟာ ယူနန်ပြည်နယ်က ဖြစ်ပြီး ကုန်သွယ်မှု လုပ်ဆောင်တာ ဖြစ်ပြီး လက်ရှိဆောင်ရွက်မယ့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုံကိုလည်း ယူနန်ပြည်နယ်နဲ့ အနီးစပ်ဆုံးမှာ အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ အမြဲတန်း အတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံခြား ကုန်သွယ်မှု အခြေအနေကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံဘက်က သံနဲ့ သံမဏိစတဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ မော်တော်ယာဉ်နဲ့ မော်တော်ယာဉ်သုံး ပစ္စည်းတွေ၊ စက်ပစ္စည်းတွေ အပါအဝင် တယ်လီဖုန်းနဲ့ ဆက်သွယ်ရေးသုံးပစ္စည်းတွေကို တင်သွင်းနေပြီး မြန်မာနိုင်ငံဘက်ကနေ သဘာဝဓာတ်ငွေ့၊ လယ်ယာထွက်ကုန်ဖြစ်တဲ့ ဆန်၊ ပြောင်း၊ ပဲမျိုးစုံ၊ သစ်သီးဝလံ၊ ကျောက်စိမ်း စတဲ့ ကုန်ပစ္စည်းတွေကို တင်ပို့နေတာလို့ ဦးတိုးအောင်မြင့် ပြောကြားချက် အရ သိရပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေတယ်လို့ စာရင်းဇယားတွေအရ သိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37