ထိုင်းမှာ မှောင်ခိုလက်က ကယ်ဆယ်ထားတဲ့ ရှားပါး အော်ရန်ဂူတန်လေးတွေကို စောင့်ရှောက်ရေးဂေဟာပို့
  • 7 years ago
မျိုးသုဉ်းလုနီးပါး အန္တရာယ် ရင်ဆိုင်နေရတဲ့ အော်ရန်ဂူတန်မျိုးစိတ် မျောက်ဝံငယ်လေး နှစ်ကောင်ကို မှောင်ခိုသမား လက်ထဲက ကယ်ဆယ်ပြီးတဲ့နောက် ထိုင်းနိုင်ငံက စောင့်ရှောက်ရေး ဂေဟာတစ်ခုကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်မှာ အသက် ၂ နှစ်အရွယ်ရှိပြီး နီညိုရောင် အမွေးတွေနဲ့ ဆူမားတြား အော်ရန်ဂူတန် မျောက်ဝံလေး နှစ်ကောင်ဟာ ထိုင်းနိုင်ငံ အလယ်ပိုင်းက ခိုတရာဘက် စောင့်ရှောက်ရေး ဂေဟာကို ပထမဆုံးအကြိမ် ရောက်ရှိလာပါတယ်။ အဲဒီမှာ မျောက်ဝံလေးတွေကို ဂရုတစိုက် မွေးမြူပြီး အန္တရာယ်ကင်းကင်းနဲ့ ကြီးပြင်းလာအောင် ပြုစု ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်။

မျောက်ဝံလေးတွေဟာ အထီးတစ်ကောင်၊ အမတစ်ကောင်ဖြစ်ပြီး တရားမဝင် တိရစ္ဆာန် မှောင်ခိုရောင်းဝယ်သူ တစ်ဦးလက်ကနေ တခြား ရှားပါး သားရိုင်းတိရစ္ဆာန်တွေနဲ့အတူ ကယ်ဆယ်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ စပ်လျဉ်းပြီး အသက် ၆၃ နှစ်အရွယ် မလေးရှား နိုင်ငံသား တစ်ဦးကို ထိုင်းအကောက်ခွန် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

မျောက်ဝံလေး နှစ်ကောင်ကို စောင့်ရှောက်ရေး ဂေဟာက တခြား ငယ်ရွယ်တဲ့ အော်ရန်ဂူတန်လေးတွေနဲ့ အတူရောနှော မွေးမြူထားမှာ ဖြစ်ပါတယ်။ ဒီမျောက်ဝံလေးတွေကို ဇာတိနိုင်ငံ အင်ဒိုနီးရှားကို ပြန်ပို့ဖို့ လတ်တလောမှာတော့ အစီအစဉ် မရှိသေးဘူးလို့လည်း သိရပါတယ်။
Recommended