နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေးအတွက် မြန်မာအစိုးရရဲ့ အားထုတ်မှုမှာ ပူးပေါင်းပါဝင်ခြင်းဟာ အကောင်းဆုံးကူညီနိုင်မယ့် နည်းလမ်းလို့ နိုင်ငံ ခြားရေးဝန်ကြီးဌာနက မနေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ARSA အစွန်းရောက်အကြမ်း ဖက်အဖွဲ့ကို ပြည်ပက ငွေကြေးထောက်ပံ့မှုနဲ့ အားပေးလှုံဆော်တာတွေကို သိထားရပြီ အကြမ်းဖက် လုပ်ရပ်တွေကို ခွင့်လွှတ်နိုင်မှာမဟုတ်ဘူးလို့လဲ ဆိုထားပါတယ်။ ဒါအပြင် ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံ အများအပြားက ရခိုင် အကြမ်းဖက်ဖြစ်စဉ်ကို ပြတ်ပြတ်သားသား ရှုံချခဲ့တာကို ကြိုဆိုတယ်လို့လည်းဖော်ပြထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ဆင်ရေးဆောင်ရွက်ရာမှာ ဥပဒေစည်းကမ်းတွေကို တိတိကျကျလိုက်နာဖို့ အပါအဝင် မလိုလားအပ်တဲ့ ထိခိုက်ပျက်စီးမှုတွေ မဖြစ်ဖို့ ညွှန်ကြားထားတဲ့အကြောင်းကိုလည်း ထုတ်ပြန်ချက်မှာထည့်ထားပါတယ်။ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကြောင့်နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဒုက္ခကို နိုင်ငံတကာက မသိကျိုးနွံပြုခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပြီး မြန်မာအစိုးရအနေနဲ့တော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ဘက်လိုက်ခွဲခြားမှုမရှိပဲ ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ဆက်လက်လုပ်ဆောင်ဖို့ နိုင်ငံတော်ကနေ ဝန်ကြီးအဆင့်ကော်မတီတစ်ရပ်နဲ့ ပြည်တွင်းပြည်ပ ထင်ရှားသူတွေပါတဲ့ အကြံပေးအဖွဲ့ကို ဖွဲ့သွားမယ်လို့လဲ ထုတ်ပြန်ထားပါတယ်။
ရုပ်သံသတင်းထောက် - မြတ်သီဟမောင်
Comments