Skip to playerSkip to main content
  • 8 years ago
ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့မှာ ဒုတိယ ကမ္ဘာစစ် လက်ကျန် ဗုံးကြီးတစ်လုံးကို ရှင်းလင်းဖို့အတွက် လူပေါင်းခြောက်သောင်းကျော် ရွှေ့ပြောင်းခဲ့ရပါတယ်။

မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွက် မြေနေရာ ရှင်းလင်းချိန်မှာ အဲဒီဗုံးကြီးကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၃ ရက်မှာတော့ ကျွမ်းကျင်သူတွေက ဗုံးရှင်းဖို့ ပြင်ဆင်ခဲ့ပြီး ဒေသခံတွေကို နေအိမ်တွေကနေ ယာယီ ထွက်ခွာ ပြောင်းရွှေ့စေခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျာမနီမှာ လူဦးရေ အများဆုံး ယာယီပြောင်းရွှေ့မှု တစ်ခုလို့ မီဒီယာတွေက ဖော်ပြကြပါတယ်။ စစ်ကာလတုန်းက မဟာမိတ်တပ်တွေ ကြဲချပြီး မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးတွေကို ဂျာမနီမှာ မကြာခဏ ရှာတွေ့ရတတ်ပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အကူအညီနဲ့ ဒေသခံတွေဟာ စည်းကမ်းတကျ ရွှေ့ပြောင်းခဲ့ကြပြီး ဗုံးရှင်းမှု ပြီးတဲ့အထိ စောင့်ဆိုင်းခဲ့ကြပါတယ်။ ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူတွေက ပေါင်ချိန်လေးထောင် ဗုံးကြီးရဲ့ ဖြူစ်ကြိုးတွေကို အန္တရာယ် ကင်းလောက်တဲ့ အကွာအဝေးမှာ ဖယ်ရှား ရှင်းလင်းဖို့ စီစဉ်ထားပါတယ်။

ဒီဗုံးကြီးကို ၁၉၃၉ ကနေ ၁၉၄၅ ထိ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီးအတွင်း ဗြိတိန် တော်ဝင်လေတပ်က ကြဲချခဲ့တာလို့ ယုံကြည်ရပါတယ်။ အမေရိကန်နဲ့ ဗြိတိန် လေတပ်တွေဟာ ဂျာမနီမှာ ဗုံးစုစုပေါင်း တန်ချိန် တစ်သန်းခွဲလောက် ကြဲချခဲ့ပြီး လူပေါင်း ခြောက်သိန်းလောက် သေကြေခဲ့ကြတယ်။ အဲဒီဗုံးတွေထဲက ၁၅ ရာခိုင်နှုန်းလောက်ဟာ မပေါက်ကွဲခဲ့ဘူးလို့ ယူဆရပြီး တချို့ကတော့ မြေအနက် ခြောက်မီတာလောက်ထိ နစ်မြုပ် ပျောက်ကွယ်နေကြောင်း သိရှိရပါတယ်။

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37