အညာဒေသရဲ့ နာမည်ကျော် ပခုက္ကူမြို့က သီဟိုဠ်ရှင်ဘုရားပွဲတော်ကြီးဟာ နှစ်စဉ်နယုန်လဆန်းကစလို့ ရက်ရှည်ကျင်းပတဲ့ ဂေဇတ်ရ ဘုရားပွဲတော်ကြီးတစ်ခုပါ။
ဒေသခံတွေကတော့ နယုန်လမှာကျင်းပတဲ့ပွဲမို့ နယုန်ပွဲလို့လည်း ခေါ်ဆိုကြပါတယ်။
ပခုက္ကူသီဟိုဠ်ရှင်ပွဲရောက်ပြီဆိုတာနဲ့ ဘယ်လောက်ပဲ အညာနွေပူပူ ဘယ်လောက်ပဲ အညာမိုးဖွဲ ခပ်ရွာနေပါစေ ပွဲတော်ကြီးကို ရောက်အောင်လာကြတဲ့ အညာကျေးလတ်နေတောသူတောင်သားတွေ ကတော့ ရှိပါတယ်။
ဆိုင်ကယ်တွေ ကားတွေ တတီတီနဲ့ ပခုက္ကူသီဟိုရှင်ပွဲကြီးဆီ အရောက်လာကြပါတယ်။
ပွဲဈေးတန်းကြီးထဲမှာ အကျီဆိုင်တန်းတွေနဲ့အတူ ရှင်မတောင်သနပ်ခါးတုံးကြီးတွေကလည်း ပွဲဈေးမှာစောင့်ကြိုနေပါတယ်။
ပခုက္ကူတစ်ဝိုက်ကထွက်တဲ့ချည်ထည်လေးတွေကလည်း မက်မက်မောမောလိုချင်စရာလေးတွေပါ။
တစ်နှစ်တစ်ခါပွဲတော်ရောက်တုန်း မ၀ယ်မဖြစ် ၀ယ်ကြတာကတော့ ဖျာမျိုးစုံပဲဖြစ်ပါတယ်။
ဖျာတွေဝယ်ပြီး ခေါင်းပေါ်ရွက်ပြန်ကြတာကလည်း ပွဲတော်ပြန်သင်္ကေတတစ်ခုပါပဲ။
ဒေသထွက်ကုန်မျိုးစုံ၊ မီးဖိုချောင်သုံးနဲ့လယ်ယာသုံးပစ္စည်းမျိုးစုံ၊ မုန့်ပဲသွားရေစာမျိုးစုံရောင်းချနေတဲ့ ပခုက္ကူသီဟိုရှင်ပွဲကြီးဟာ နယုန်လကုန်အထိ ကျင်းပသွားမှာပါ။
ရုပ်သံသတင်းထောက်- ညီညီဇော်
Comments