ရိုဟင်ဂျာဟိန္ဒူ လို့ ရေးသားသုံးနှုန်းတာကို ရန်ကုန်ဟိန္ဒူ အသိုင်းအဝန်းက ကန့်ကွက်

  • 7 years ago
ရခိုင်ပြည်နယ်က ဖြစ်စဉ်မှာ နိုင်ငံခြားမီဒီယာ တချို့က ဟိန္ဒူလူမျိုးတွေကို ရိုဟင်ဂျာဟိန္ဒူလို့ ရေးသားသုံးနှုန်းတဲ့အပေါ် ရန်ကုန်မှာ ရှိတဲ့ ဟိန္ဒူလူမျိုးတွေက ကန့်ကွက်လိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတဲ့ ဟိန္ဒူလူမျိုးမိသားစုတွေအတွက် ဒီကနေ အောက်တိုဘာ ၁ ရက်မှာ ရန်ကုန်မြို့က သျှရီဘူသ်နာသ်မဟာဒေ၀ ဘုရားကျောင်းမှာ ဟိန္ဒူဓလေ့နဲ့ အညီ ဆုတောင်းပွဲ တခု ကျင်းပခဲ့ပါတယ်။

အဲ့ဒီဆုတောင်းပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်နဲ့ သနန္တနဓမ္မပါလအဖွဲ့ချုပ်တို့နဲ့ တခြားဟိန္ဒူ မိသားစုဝင်တွေက စုပေါင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲကို တက်ရောက်လာသူတွေက ဟိန္ဒူလူမျိုးတွေကို ရိုဟင်ဂျာ ဟိန္ဒူဆိုတဲ့ ဝေါဟာရအသစ်နဲ့ ရေးသားမသုံးနှုန်းဖို့ အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီကနေ့ ဆုတောင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ အချက် ရှစ်ချက်ပါ ကြေညာချက်မှာလဲ ရိုဟင်ဂျာ ဟိန္ဒူ မသုံးဖို့နဲ့ လက်ရှိ ဟိန္ဒူဘာသာဝင်တွေရဲ့ သမိုင်းကြောင်းနဲ့ ဟိန္ဒူဗဟိုကောင်စီစည်းမျိုးပါ ပြဌာန်းချက်အရ လူမျိုး ၁၀ မျိုးမှာ အဲ့ဒီအသုံးအနှုန်း မဖော်ပြထားတဲ့အတွက် မသုံးနှုန်းဖို့ကိုလည်း ကန့်ကွက်ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အတွင်းမှာ ဟိန္ဒူလူမျိုး ကိုးဆယ်ကျော် ပျောက်ဆုံးနေပြီး မကြာခင် ရက်ပိုင်းက ဟိန္ဒလူမျိုး ၄၅ ဦးရဲ့ ရုပ်အလောင်းတွေကို တူးဖော်တွေ့ရှိခဲ့တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားတာပါ။

ရုပ်သံ သတင်းထောက်- အလှလေးသူဇာ

Recommended