သံတမန်တွေကို မောင်တောဒေသကို ပို့ဆောင်ပေးမယ်လို့ ရခိုင်ကော်မတီအစည်းအဝေးဆုံးဖြတ်

  • 7 years ago
ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်ကို ရခိုင်ပြည်နယ် လာရောက်ဖို့ အတွက် ထပ်မံဖိတ်ကြားဖို့၊ သံတမန်တွေကို မောင်တော ဒေသကို ပို့ဆောင်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၂ရက်နေ့ မနက်ပိုင်းက နေပြည်တော် သမ္မတအိမ်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ရဲချုပ်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဝင်တွေ အစည်းအဝေးပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်အရေး အချက် ၁၁ချက်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိနေသူတွေကို ပြန်လည်လက်ခံရာမှာ ၁၉၉၃ ခုနှစ် သဘောတူညီချက်ကိုအခြေခံကာ စိစစ်မှုတွေ စနစ်တကျ ဆောင်ရွက်မှာဖြစ်ပြီး ပြန်လည်စိစစ်ရေးအဖွဲ့ အမြန်ဆုံးဖွဲ့စည်းသွားမယ်လို့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုမှာ ပါဝင်သူတွေ အမည်စာရင်းကို နိုင်ငံတကာကို ပေးပို့သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ နေရပ်စွန့်ခွာခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားတွေကို ပြန်နေရာချထားရာမှာ မြို ၊ဒိုင်းနက်စတဲ့ တိုင်းရင်းသားတွေရဲ့ ဓလေ့၊ ထုံးတမ်း၊ ယဉ်ကျေးမှုဆိုင်ရာတွေကို ထိန်းသိမ်းထားနိုင်ဖို့ UN-Habitat - United Nations Human Settlements Programme ထံကနေ အကြံဥာဏ်များ ရယူနိုင်ရေးဆောင်ရွက်သွားဖို့၊အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို အရေးယူနိုင်ဖို့ အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ညှိနှိုင်းဖို့၊ ARSA အကြမ်းဖက်သမားတွေ ရဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ တမန်းသား ကျေးရွာက ပျောက်ဆုံးနေတဲ့ ဟိန္ဒူဘာသာဝင် ၉၃ ဦး ကို့  ရှာဖွေမှု တိုးမြှင့်ဖို့တွေ ပါဝင်ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ဒုက္ခသည် စခန်းမှာ အသက်မသေဘဲရောက်နေတယ်လို့ သတင်း ထွက်ပေါ်နေတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၆ ဦးနဲ့ ကလေးငယ် ၃ ဦးတို့ကို ပြန်လည်ခေါ်ယူနိုင်ရေးအတွက် နယ်ခြားစောင့်တပ်များ အချင်းချင်း တောင်းပြီးဖြစ်ပေမယ့် သံတမန်လမ်းကြောင်းကနေ ထပ်မံ တောင်းခံသွားဖို့စတာတွေလည်း ပါဝင်တယ်လို့ သတင်းရရှိပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Recommended